Category Name : Updated By:May 20, 2019
ရော်ဘာမျိုးနှင့်ပတ်သက်၍ မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းတွင်ရော်ဘာစီမံကိန်း စတင်အကောင်အထည်ဖေါ်ခဲ့သော ၁၉၅၆-၅၇ ခုနှစ်မှစတင်ကာ ခေတ်အဆက်ဆက် ပြောင်းလဲလာသော ဌာနအဖွဲ့အစည်းများ အသီးသီးအနေနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံတစ်ကာမှ ရော်ဘာမျိုးများအားတင်သွင်းခဲ့ပြီး မြန်မာနိုင်ငံအတွက် အလားအလာကောင်းမည်ဟု ယူဆသောမျိုးများကိုရွေးချယ်ကာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များကို စိုက်ပျိုးခဲ့ပြီး သုတေသနပြု လေ့လာခဲ့ကြပါသည်။ ဤသို့ပြုလုပ်ဆောင်ရွက်ချက်များအရ ယနေ့မြန်မာနိုင်ငံတွင် စိုက်ပျိုးသင့်သော ရော်ဘာမျိုးများအား ရွေးချယ်ထောက်ခံနိုင်ခဲ့ပါသည်။
မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းအနေနှင့် ဤသို့ရေရှည် သုတေသနပြု တွေ့ရှိချက်များအရလည်းကောင်း ဒေသအသီးသီးတွင် စိုက်ခင်းများမှ လက်တွေ့သိရှိရသော ထွက်ရှိမှု၊ ကြီးထွားမှု၊ရောဂါဒဏ်ခံနိုင်ရည်ရှိမှု စသောအချက်အလက်များအရလည်းကောင်း၊ ဒေသအလိုက် စိုက်ပျိုးသင့်သော ရော်ဘာမျိုးများကို အောက်ပါအတိုင်းထောက်ခံထားပါသည်။
- – မိုးရေချိန် အများအပြား (လက်မ ၁၈၀ နှင့် အထက်) ရွာသွန်းကာ ခြောက်သွေ့သော ဒေသများ (မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်)တွင်စိုက်ပျိုးရန် မျိုးများ – BPM 24, RRIC 100, RRIM 717, PB 260, PB 235
- – မိုးရေချိန်အသင့်အတင့် (လက်မ ၁၀၀ မှ ၁၂၀) ရွာသွန်းကာ ပူပြင်းခြောက်သွေ့သော ဒေသများ (ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း) တွင် စိုက်ပျိုးရန်ထောက်ခံသောမျိုးများ – PB 260, RRIM 717, PB 235, RRIM 623, GT 1
- – မိုးရေချိန်အနည်းငယ် (လက်မ ၅၀ မှ ၆၀) ရွာသွန်းပြီး အေးမြသောဒေသများ(ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်) တွင်စိုက်ပျိုးရန်ထောက်ခံသော မျိုးများ -RRIM 600, GT1, PR 255, PR107, RRIM 623
နှစ်ရှည်ပင်များအသုံးချသုတေသနဌာန ပေါ်ပေါက်လာပြီးနောက်တွင်လည်း အထက်ဖေါ်ပြပါ အလားအလာကောင်းသော ရော်ဘာမျိုးများကိုအခြေခံ၍ မျိုးစပ်ကာမျိုးသစ်များ မွေးမြူထုတ်လုပ်ခြင်းနှင့် ယင်းမျိုးသစ်များအား စမ်းသပ်ကွက်ငယ်များတွင် စိုက်ပျိုးကာလေ့လာခြင်း စသောသုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိနေပါသည်။ ၎င်းအပြင် ရော်ဘာပြန်လည် ထူထောင်ရေးစီမံကိန်း အဆင့် (၂) ကာလကတင်သွင်းခဲ့ပြီး မြန်မာနိုင်ငံအခြေအနေတွင်စမ်းသပ် စိုက်ပျိုးလေ့လာခြင်း မပြုရသေးသော တရုတ်၊ ဘရာဇီး၊ သီရိလင်္ကာ နိုင်ငံများမှမျိုးသစ်များကိုလည်း၊ အုပ်စု (၃) မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အဖြစ် ၂၀၀၃ ခုနှစ်တွင် စိုက်ပျိုးတည်ထောင်ကာ စံနစ်တကျသုတေသနပြု လေ့လာလျှက်ရှိနေပါသည်။ ဤသုတေသနပြု လေ့လာချက်များမှ ရရှိလာမည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် စိုက်ပျိုးရန်ရော်ဘာမျိုးထောက်ခံချက်ကို အခါအားလျော်စွာ ပြောင်းလဲပြင်ဆင် ထုတ်ပြန်သွားရန် လိုအပ်မည်ဖြစ်ပါသည်။